စက်ရုပ်ဖန်တီးသူ အာဖဂန်အမျိုးသမီးအဖွဲ့၀င် ၉ ဦး ကာတာနိုင်ငံကို ဘေးကင်းစွာ ရောက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖဂန်နစ္စတန်နိုင်ငံက စက်ရုပ်ဖန်တီးသူအမျိုးသမီးငယ် ၉ ဦးဟာ နောက်ဆုံးမှာတော့ တာလီဘန်တွေလက်အောက်က နိုင်ငံထဲကနေ ထွက်ခွါနိုင်ခဲ့ပြီး ကာတာနိုင်ငံကို ဘေးကင်းကင်းရဲ့နောက်ရှိသွားပြီလို့ အဲဒီအဖွဲ့ရဲ့မိခင်အဖွဲ့အစည်းက အတည်ပြုပါတယ်။ သူတို့တွေ အာဖဂန်နိုင်ငံထဲကနေ လေယာဉ်နဲ့ထွက်ခွါနိုင်ဖို့ ကာတာအစိုးရက ပြည်ဝင်ခွင့်တွေရော၊ လေယာဉ်တစ်စင်းပါလွှတ်ပြီး စီစဉ်ပေးခဲ့တာပါ။ သူတို့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာကျင်းပတဲ့ နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲမှာ အထူးဆုရပြီးတဲ့နောက် သတင်းခေါင်းကြီးပိုင်းတွေမှာဖော်ပြခံခဲ့ရတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
သူတို့ဟာ အာဖဂန်နစ္စတန်နိုင်ငံထဲက အမျိုးသမီးတွေရဲ့ပညာရေးအလားအလာ နမူနာကောင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ချီးကျူးခံရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
တာလီဘန်လက်နက်ကိုင်တွေ ပူပူနွေးနွေးထိန်းချုပ်ထားတဲ့ အာဖဂန်မြို့တော် ကာဘူးလ်မှာ လုံခြုံရေးအခြေအနေဆိုးရွားလာနေချိန်မှာပဲ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်ကြားမိန်းကလေးတွေရယ်၊ အသက် ၂၅ နှစ်အရွယ် သူတို့ နည်းပြတစ်ဦးရယ်ရဲ့ပြည်တွင်းကို စွန့်ခွါမှု ထွက်ပေါ်လာတာပါ။
သူတို့မိခင်အဖွဲအစည်းဖြစ်တဲ့ အမေရိကန်အခြေစိုက် Digital Citizen Fund(CDF)အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အဖွဲ့ဟာ တာလီဘန်တွေ ကာဘူးလ်မြို့ကို မသိမ်းခင် ၃ ရက်အလိုမှာ ဒီအမျိုးသမီးငယ်တွေကို ခေါ်ဖို့ ကာတာဘက်ကို မေတ္တာရပ်ခံခဲ့တာလို့ ဆိုပါတယ်။
ကာတာအစိုးရအဖွဲ့ဝင်တွေဟာ ဒိုဟာမြို့မှာ ၂၀၁၉ ခုနှစ်တုန်းကပြုလုပ်တဲ့စက်ရုပ်ပြိုင်ပွဲပြီးကတည်းက ဒီအမျိုးသမီးအသင်းနဲ့ အဆက်အသွယ်ရှိနေခဲ့တာပါ။ အမျိုးသမီးငယ်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း၊ ဟယ်ရတ်မြို့ဇာတိဖြစ်ပါတယ်။
''ကာဘူးလ်မြို့ အခြေအနေမဟန်တော့ဘူးကြားတော့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အဆက်အသွယ်ရခဲ့တယ်။ သူတို့ကပဲ ဒီအမျိုးသမီးငယ်တွေ ပြည်ဝင်ခွင့်ဗီဇာ မြန်မြန်ရအောင်လုပ်ပေးခဲ့တယ်'' လို့ DCF ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Elizabeth Schaeffer Brown က ဘီဘီစီကို ပြောပါတယ်။ ''သူတို့တွေ ကလေးတွေကို ကောင်းကောင်းစောင့်ရှောက်ထားပါတယ်'' လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီအမျိုးသမီးငယ်လေးတွေဟာ အကယ်ဆယ်ခံခဲ့ရသူတွေမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူတို့ အားထုတ်ခဲ့တဲ့ လုံ့လကြောင့်သာ သူတို့ကိုယ်သူတို့ ကယ်ဆယ်နိုင်ခဲ့ကြသူတွေဆိုတဲ့အချက်ကိုလည်း သူက ထောက်ပြပါတယ်။
''ကာဘူးလ်ကနေ လေယာဉ်ပျံတက်သွားနိုင်မှပဲ သူတို့ဘေးကင်းရေး စိုးရိမ်နေရတဲ့ရင်ထဲက အလုံးကြီးကျသွားတော့တယ်'' လို့လည်း သူက ပြောပါတယ်။
အခုတော့ ဒီအမျိုးသမီးငယ်တွေဟာ ဒိုဟာမြို့တော်ကိုရောက်နေပြီး ကာတာနိုင်ငံထဲမှာပဲ ဆက်နေမလား၊ ပညာဆက်သင်ဖို့ တခြားကိုခရီးဆက်ကြမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
တချိန်တည်းမှာပဲ ဒီအမျိုးသမီးငယ်တွေကိုအမေရိကန်က တက္ကသိုလ်တစ်ချို့အပါအဝင် ကမ္ဘာတဝန်းက တက္ကသိုလ်တော်တော်များများက ပညာသင်ဆုပေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
''ကလေးတွေအတွက်ကတော့ ပညာဆက်သင်နိုင်ဖို့ အရေးကြီးတယ်'' လို့ DCF ဘုတ်အဖွဲ့ဝင် မစ္စ Schaeffer Brown က ပြောပါတယ်။
တဖက်မှာလည်း ၂၀၁၇ ခုနှစ်မှာအမျိုးသမီးငယ်တွေနဲ့ချည်းပဲဖွဲ့စည်းထားတဲ့ အာဖဂန်အမျိုးသမီးစက်ရုပ်အသင်းရဲ့ အဖွဲ့ဝင်ဟောင်းတွေနဲ့ လက်ရှိအဖွဲ့ဝင်တချို့လည်း အာဖဂန်ပြည်တွင်းမှာပဲ ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဒီအမျိုးသမီးငယ်တွေဟာ ကိုဗစ်-၁၉ ရောဂါ လူနာတွေအတွက် အသက်ကူရှူစက်တွေကို ကားပစ္စည်းတွေကိုသုံးပြီး ဈေးနည်းနည်းနဲ့ထုတ်နိုင်အောင် စွမ်းဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။








