ဟိန္ဒူအလောင်း ၁၇ လောင်း ထပ်မံတွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, သတင်းထုတ်ပြန်ရေးကော်မီတီ
စက်တင်ဘာလ ၂၄ ရက် တနင်္ဂနွေနေ့က မောင်တောမြို့နယ်ထဲမှာ ဟိန္ဒူဘာသာဝင် ၂၈ ဦးရဲ့ အလောင်းတွေကို မြုပ်ထားတဲ့ နေရာတွေ ရှာတွေ့ခဲ့ပြီးတဲ့ နောက် နောက်တစ်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ နောက်ထပ် အမျိုးသားအလောင်း ၁၇ လောင်းကို အရင်နေ့ကတွေ့ခဲ့တဲ့ နေရာ အနီးတဝိုက်မှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။
အခု တွေ့ရှိတဲ့ အလောင်းတွေဟာ အသက် ၃၀ ကနေ ၅၅ နှစ်အတွင်း ရှိကြတဲ့ အရွယ် ဖြစ်ကြပြီး ပထမနေ့က အလောင်းတွေ တွေ့ရှိခဲ့တဲ့ ခမောင်းဆိပ်အုပ်စု ဘော်တာလာရွာရဲ့ အရှေ့ဘက် ပေတစ်ထောင် အကွာ တောင်ကြားမှာ ရှိတဲ့ တွင်းထဲကနေ ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ ရှာဖွေရာမှာ လိုက်ပါသွားတဲ့ မောင်တောမြို့နယ် ဟိန္ဒူ လူမှုကူညီရေးအဖွဲ့က ဦးနီမော်လ်က ပြောပါတယ်။
အခုတွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ ဟိန္ဒူတွေရဲ့ အလောင်းတွေ ဖြစ်တယ် ဆိုတာကိုလည်း သူက အတည်ပြုပြောပါတယ်။
အလောင်း ၁၄ လောင်းကို တွင်း တစ်တွင်းမှာ တွေ့ရှိပြီး နောက်ထပ် တစ်တွင်းမှာတော့ သုံးလောင်းကို ထပ်တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူတွေ အကုန်လုံးမှာ ဓားဒဏ်ရာတွေ တွေ့ရတယ်လို့ ပြောပါတယ်။
အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေက သတ်ဖြတ်ခဲ့တာလို့ ဖော်ပြပါတယ်။
အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုခံရတဲ့ ဟိန္ဒူ ၁၀၀ ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး အဲဒီအထဲမှာ ၄၅ လောင်းကိုသာ ရရှိသေးတဲ့ အတွက် ကျန်တဲ့ အလောင်းတွေကို နောက်တစ်နေ့တွေမှာ ဆက်လက် ရှာဖွေသွားမယ်လို့ သိရပါတယ်။
အလောင်းတွေကိုတော့ ဒီလ ၂၉ ရက်နေ့မှာ ဟိန္ဒူဘာသာရေး ဓလေ့ထုံးစံအတိုင်း သဂြိုဟ်ဖို့ ရှိပါတယ်။








