ငြိမ်းချမ်းရေး လုပ်ငန်းစဉ် PPST အဖွဲ့ ကြေညာချက် ထုတ်

တိုင်းရင်းသား လက်နက်ကိုင်

ဓာတ်ပုံ ရင်းမြစ်, ko than khe

ဓာတ်ပုံ ပုံစာ, PPST အစည်းအဝေးတက်ခဲ့တဲ့ ABSDF အဖွဲ့က ရဲဘော် သံခဲ

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ဇွန်လ ၂၈ ကနေ ဇူလိုင်လ ၂ ရက်ထိ ချင်းမိုင်မှာ ကျင်းပခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာ လူမျိုး အလိုက် ဒေသအလိုက်နဲ့ အကြောင်းအရာ အလိုက် ပြုလုပ်ခဲ့တဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ၊ ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း တခုလုံးရဲ့ အားနည်းချက် အားသာချက်တွေကို ပြန်လည် သုံးသပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

NCA ကို အကောင်အထည် ဖော်ရမှာ အစိုးရ ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကြား နားလည်မှု အဓိပ္ပါယ်ဖွင့်ဆိုမှု မတူဖြစ်နေတာ တွေ့ရတယ် လို့ ဆိုပြီးNCA အကောင်အထည် ဖော်မှု အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံး ပိုမိုထိရောက် အောင်မြင်ရေး ပြန်လည် သုံးသပ် ပြင်ဆင်သွားဖို့ သဘောတူခဲ့ ကြတယ်လို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တခု ဖြစ်တဲ့ ABSDF အဖွဲ့ထဲက ရဲဘော်သံခဲ က ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံး ပြင်ဖို့ လိုနေပြီး ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေ့ရှူပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် ကတဆင့် တွေ့ဆုံ ဆွေးနွေးတဲ့ နည်းလမ်းနဲ့ ညှိနှိုင်း အဖြေရှာကာ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ PPST အဖွဲ့က ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ဟာ အရင် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ လလယ်တုန်းက တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ် ထိုးခဲ့ကြတာ ဖြစ်ပါတယ်။